မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလအသင်းကြီး (၁၀၀)ကြိမ်မြောက် ပိဠကတ်တော်အကြိုလှူဒါန်းပွဲနှင့်အမှုဆောင်အသစ်ဩဝါဒခံယူပွဲကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၃

မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလအသင်းကြီး(B.B.M.A)၏ (၁၀၀)ကြိမ်မြောက်ပိဠကတ်တော်အကြိုလှူဒါန်းပွဲနှင့် အမှုဆောင်အသစ်ဩဝါဒခံယူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၁၄)လမ်းရှိ အသင်းကြီး၏ရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး အမှုဆောင်အဖွဲ့အသစ်မှဩဝါဒခံယူပွဲအကြောင်းကို အသင်းကြီး၏နာယကဖြစ်သူ ဦးကျော်ခင်မြင့်က တင်ပြလျှောက်ထားသည်။

ယင်းနောက်အသင်းကြီး၏ ဩဝါဒါစရိယဆရာတော်တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိရိယာနန္ဒ(ကမ္ဘောဇ)ဆရာတော်အား အမှုဆောင်အဖွဲ့သစ်များက သင်္ကန်းခြင်း၊ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဩဝါဒါစရိယတိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘဒ္ဒန္တဝိရိယာနန္ဒ(ကမ္ဘောဇ) ဆရာတော်ထံမှ အမှုဆောင်အဖွဲ့သစ်က ဩဝါဒကထာခံယူခြင်းနှင့်အနုမောဒနာ တရား‌နာယူ၍ ကွယ်လွန်သူအသင်းကြီး၏ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့်တကွ၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစံရံတိဌတု (၃)ကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)