တံတားဦးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုချီးမြှင့်ပွဲကျင်းပ

တံတားဦး  ဒီဇင်ဘာ  ၃၀

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ကျင်းပသည်။

ဆုချီးမြှင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာစီစာကုံးပြိုင်ပွဲ၌ ဆုချီးမြှင့်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာ ကိုရင်ထွန်းလွင် (သမန်းကန်)က စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးသားပုံ၊ သတ်ပုံသတ်ညွှန်း၊ ပုဒ်အထားအသို၊ ကဗျာ၊ ဆောင်းပါး ပါဝင်မှုအကြောင်းအာရာနှင့် အကြံပြုချက်များကို လည်းကောင်း၊ စာရေးဆရာ ကိုခန့်(တံတားဦး)က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းပေးထားမှု အကြောင်းကိုလည်းကောင်း အသီးသီးပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးအရာရှိက လည်းကောင်း၊ အထူးဆုရ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ငယ်သူထွန်းက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးကြပြီး အမှတ်ပေးဒိုင်များက စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် တံတားဦးမြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက “လွတ်လပ်ရေးအမွေ ထိန်းစို့လေ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)