နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က မြန်မာနိုင်ငံ၏အထိမ်းအမှတ်နေ့များ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့် လွတ်လပ်ရေး စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဟောပြောပွဲ တက်ရောက်လာကြသော အမှတ်(၃)ရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပြည်သူ့ စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)