သိန္နီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

သိန္နီ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စတင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားပြိုင်ပွဲများအား ကျင်းပရာ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး က ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲများတွင် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရေး၊ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ယှဉ်ပြိုင်ကြိုးစားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ဟောပြောပွဲများနှင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)