ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိ ပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ဘားအံ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိ ပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လွတ်လပ်ရေးဟူသောအဓိပ္ပါယ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ (၇၅)နှစ် စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လွတ်လပ်ရေးဟူသည်ကား မြတ်နိုးတန်ဖိုးထားစရာ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်အထိ လွတ်လပ်ရေး၏အရသာကို နိုင်ငံသူ၊ နိုင်ငံသားတို့ တင်းပြည့် ကျပ်ပြည့် မခံစားရသေးကြောင်း၊ လွတ်လပ်ရေးကို တိုင်းသူပြည်သားအားလုံး မြတ်နိုးတန်ဖိုးထားရမှာဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)