ပြင်ဦးလွင် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရှေးဟောင်းအဆောက်အဦများကို ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ၁၉၀၂ ခုနှစ် တွင်တည်ဆောက်ခဲ့သည့် နှစ်(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အဦအား ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ အဖွင့်အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်မြို့နယ်၌ နှစ်ပေါင်း(၁၀၀)ကျော်ကတည်ဆောက်ထားရှိခဲ့သော အနောက်တိုင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာအငွေ့အသက်များပါရှိသည့် ရှေးဟောင်းအဆောက်အဦများ များစွာရှိကြောင်း၊ ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဆောင်ရွက်နေသည့် ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းအဆောက်အဦများကို ရေရှည်တည်တံ့စေရန် အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူဖြစ်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းအဆောက်အဦများ သတ်မှတ်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးမှ (၃၃)လုံး ပါဝင်ကြောင်း၊ ရှေးဟောင်း အဆောက်အဦများကို ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာအသုံးပြုလာခဲ့ပြီး မူလပုံသဏ္ဌာန် မူလလက်ရာများအတိုင်းထိန်းသိမ်းလာခဲ့၍ ယခုထိတိုင် မူလလက်ရာများမပျက် ယခင်က အသုံးပြုခဲ့သည့် အဆောက်အဦများအတိုင်း ရှေးဟောင်းလက်ရာများကို တွေ့မြင်နိုင်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို နောင်မျိုးဆက်သစ်များတိုင်အောင် ရေရှည်တည်တံ့စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူတစ်ရပ်လုံးက မိမိတို့တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လွင်ဦးက ရှေးဟောင်းအဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရှေးဟောင်းအဆောက်အဦသတ်မှတ်ရာတွင် စံသတ်မှတ်ချက်များ၊ ကမ္ဗည်းမော်ကွန်းတပ်ဆင်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(၄) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားစိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(၄) ကျောင်းအတွင်း ခင်းကျင်းပြသထားသော မှတ်တမ်းများ၊ အထိမ်းအမှတ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် ဂုဏ်ပြုသီချင်းများဖြင့် သီဆိုကပြခဲ့သည့် ကျောင်းသူ ကျောင်းသားများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ်ရှိ ရှေးဟောင်းအဆောက်အဦများကို ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လွင်ဦးနှင့် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ်