မတ်ပဲစိုက်ဧကလေးသောင်းခန့် ပေါင်းတည်မြို့နယ် တောင်သူများစိုက်ပျိုး

ပေါင်းတည် ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးသီးနှံများအနက် မတ်ပဲကို တောင်သူအများစုက အဓိကထားစိုက်ပျိုးလျက်ရှိပြီး စျေးကွက်လိုအပ်ချက်အတိုင်း တင်ပို့ရောင်းချနိုင်ရန်နှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှု မြင့်မားစေရန်ရည်ရွယ်၍ ယခုနှစ်တွင် မတ်ပဲကို ၃၉၁၈၃ ဧကအထိ တိုးမြှင့်စိုက်ပျိုးထားကြောင်း သိရသည်။

ယခုအချိန်တွင် မတ်ပဲစျေးနှုန်းကောင်းမွန်လျက်ရှိပြီး ပဲကောင်း၊ ပဲသန့် ဆိုလျှင် ၁ တင်းလျှင် ၆ သောင်း ဝန်းကျင်ခန့်စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး မတ်ပဲဟောင်းထက် မတ်ပဲသစ်က စျေးနှုန်းအနည်းငယ်ပိုကြောင်း၊ ယခုမတ်ပဲစျေးနှုန်းကောင်းချိန်တွင် တောင်သူအများစုတွင် ပဲအနည်းငယ်သာကျန်ရှိတော့ကြောင်း၊ ကုန်စျေးနှုန်းများမြင့်မားနေမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် စောလျင်စွာရောင်းချခဲ့ရကြောင်း ကြူတောကျေးရွာ တောင်သူဦးမြင့်ဦးကပြောသည်။ ထို့အတူ ကုန်သည်ပွဲစားများ၏ သိုလှောင်ထားသော ဂိုဒေါင်များ၌လည်း ပဲအဝင်နည်းမှုကြောင့် ပဲလက်ကျန်နည်းလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော မတ်ပဲစျေးနှုန်းသည် ရောင်းဝယ်ရန်သင့်သော စျေးနှုန်းဖြစ်သည်ဟုသိရပြီး မိုးရာသီမတိုင်မီအထိ ပဲစျေးကွက်ကောင်းနိုင်ပြီး စျေးနှုန်းလည်းကောင်းလာနိုင်သည်ဟု မတ်ပဲတင်ပို့သူ ရွှေလေးပွဲရုံ နှင့် မြန်မာကြီးပွဲရုံတာဝန်ခံများကခန့်မှန်းထားကြောင်း သိရသည်။

သူရကြီး