မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မုဒုံ       ဒီဇင်ဘာ     ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီကစျေးအတွင်း၌ ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ထားရှိရန်တို့ကို ပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်းတို့ကိုရှင်းလင်းကာ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ပုံကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် စျေးသူစျေးသားများက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းနှင့်ဝန်ထမ်းများ၊ စျေးသူစျေးသားများ တက်ရောက်ခဲ့ကြပြီး မြို့မစျေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၈၈ ခန်းရှိကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဂါလန် ၁၂၀၀ ဆံ့ ရေကန်နှစ်ခု၊ ဂါလန် ၈၀၀ ဆံ့ ရေကန်တစ်ခုနှင့် နှစ်လက်မခွဲ မီးသတ်ရေငုတ် လေးငုတ်ရှိကြောင်း သိရှိရသည်။

သားငယ် (ပြန်/ဆက်)