ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြို ကဗျာပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

ထား၀ယ်  ဒီဇင်ဘာ ၁၆

ထားဝယ်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုကဗျာပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀နာရီက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ကျောင်းသား/သူများအ‌နေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန် များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ပြုလုပ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက လွတ်လပ်ရေးနေ့တို့ မမေ့ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများဖြစ်သော စကားပုံဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက် ဂိမ်း၊ အရုပ်ဆက်၊ ဒိုးဇက်ဆက်ကစား နည်းများအား ပျှော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားနေမှုကို ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးသည်။

ထို့နောက်ဝန်ထမ်းများက လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ် နံရံကပ်မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်စာစောင်များအားခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)