တံတားဦး ဒီဇင်ဘာ ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centreခန်းမတွင် လွတ်လပ်ရေးနေ့အကြောင်း အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီကကျင်းပကြောင်းသိရသည်။
လွတ်လပ်ရေးနေ့အကြောင်းဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဘိုမောင်က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ကိုယ့်ယဉ်ကျေးမှုဖြင့် နေထိုင်လာခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပြုခြင်းကိုနှစ်တစ်ရာကျော်ခံခဲ့ရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုဖြင့် ပြန်လည်တွန်းလှန်တိုက်ခိုက်မှုကြောင့်၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် သူ့ကျွန်ဘဝမှ လွတ် မြောက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံ တစ်ခုဖြစ်လာကြောင်း လွတ်လပ်ရေးရရှိရေးအတွက် အသက်သွေးချွေးများ စတေးပြီးရယူခဲ့ရကြောင်း ထို့ကြောင့် လွတ်လပ်ရေးကို တန်ဖိုးထားရှိရေး၊ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့် ရှောက်ကြရန် တိုင်ရင်းသားအားလုံးတွင် တာဝန်ရှိကြောင်းပြောကြားသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့်နှုတ်မှုစွမ်းရည် တိုးတက်ရေးအတွက် ပုံပြောပြိုင်ပွဲကိုလည်း ကျင်းပပေးကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)