စဉ့်ကိုင် ဒီဇင်ဘာ ၁၄
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်)၌ ယမန်နေ့နံနက်(၁၀)နာရီ (၃၀)မိနစ်အချိန်က သဇင်ခန်းမအတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး စဉ်းစားတွေးခေါ်မှုမြင့်မားစေရေး ပါဝင်ဆွေးနွေးတတ်စေရေး၊ နိုင်ငံ့ခေါင်းဆောင်လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်း ကဦးဆောင်၍ လူငယ်စကားဝိုင်းကိုပြုလုပ်ခဲ့ရာ Grade -9(E)မှ မသံသာဆွေဇင်က လူငယ်နှင့်အချိန် Grade -10(A)မှ မောင်၀င်းထက်က လူငယ်နှင့်အားကစား၊ Grade -9(A)မှ မချစ်သဲပိုပိုက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade -10(A)မှ မောင်ကျော်ဇင်မင်းထက်က လူငယ်နှင့်စာပေ၊ Grade -9(B)မှ မပန်းမှူးခင်က လူငယ်နှင့်ပညာရေး၊ Grade-10(A)မှ မသက်ဆုဝေက လူငယ်နှင့်ယနေ့ခေတ်နည်းပညာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကိုမေးမြန်းကြရာ လူငယ်စကားဝိုင်းတွင်ပါ၀င်သည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၁၀)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဝင်းဝင်းသန်း