ရန်ကုန် ဒီဇင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာ ကျွမ်းကျင်မှု အရည်အသွေးမြင့်မား လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးရာ ယမန်နေ့တွင် ကွန်ပျူတာ သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ နေလယ် ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် ခရိုင်ဦးစီးမှူး၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှာစကားပြောကြားရာတွင် အခြေခံကွန်ပျူတာ သင်တန်းတွင် ဝန်ထမ်းတိုင်း၊ ဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့် အခြေခံသဘောတရားများ နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင် ခေတ်မီအိုင်တီနည်းပညာကို အသုံးချ၍ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် အခြေခံသင်တန်းများကို သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းကသင်ကြားတတ်မြောက်ခဲ့သည့် ကျွမ်းကျင်မှုများကို မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်ပြန်လည် အသုံးချရန်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲတွင် ပထမဆုရ၊ ပန်းဘဲတန်းမြို့နယ်ရုံးမှ ရုံးအကူဒေါ်မိုးနန္ဒာ၊ ဒုတိယဆုရကျောက်တံတားမြို့နယ်ရုံးမှ ရုံးအကူဒေါ်ခိုင်သဇင်ကျော်၊ တတိယဆုရ ကြည်မြင်တိုင်မြို့နယ်ရုံးမှ ရုံးအကူဒေါ်ဝင့်ဝါနိုင်နှင့် သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းကပေးအပ် ချီမြင့်ခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို အပတ်စဉ်စနေနှင့် တနင်္ဂနွေနေ့များတွင် ရုံးတက်ချိန်မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၁၅)ဦး တက်ရောက်သင်ကြား၍ သင်တန်းကာလ(၂)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)