မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး နိုဝင်ဘာ ၁၂

တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်းဆိုင်ရာ အစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေး ကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသားကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မှန်ကန်စေရန် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)များ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင် အခြေအနေ အမှန်နှင့် တိုက်ဆိုင် စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် ပုံစံ(၆၆/၆) လူဦးရေစာရင်း အမှန်အား National Data Base Main Server သို့ ပြန်လည်ထည့်သွင်း သွားရမှာဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို ရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်စာရင်းစစ်ဆေး ကောက်ယူနိုင်ရေး Working Group များအား သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ စာရင်းဇယား များ လုပ်ကိုင်ဆောင်ရွက် ရာတွင် အချိန်နှင့် တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ် ကြီးကြပ်ရေးအဖွဲ့များမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်နှင့် ပဲခူးတိုင်းဒေသကြီး၏ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်သည့် ကောင်းမွန်သော အလေ့အထများဖြင့် ဆက်လက်ကြိုးစားဆောင်ရွက် သွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။   

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား အခြေခံ၍ မဲစာရင်းမှန်ကန်စေရေး အတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံး၊ တာဝန်ခံ အရာရှိက မဲစာရင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင်အတွင်း မြို့နယ် အလိုက် မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းအပေါ် Working Group အလိုက် ဖြန့်ခွဲဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ ကြသည်။

ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  ဥက္ကဋ္ဌများ၏  တင်ပြချက်များနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်နှင့် ဌာနအလိုက် ပူးပေါင်းဆောင်ရွက် သွားရမည့် အချက်အလက်များအား အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)