တိုက်ကြီး နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူမြင့်ထွန်း ရေးသားထားသော “ကမ္ဘာကျော်သူတွေရဲ့ ကမ္ဘာကျော်ရတဲ့ အကြောင်းတွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဒုတိယဉီးစီးမှူး ဒေါ်ခင်နှင်းသက်က မျိုးဆက်သစ် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာဖတ်ဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “ကမ္ဘာကျော်သူတွေရဲ့ ကမ္ဘာကျော်ရတဲ့အကြောင်းတွေ” စာအုပ်မှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ကမ္ဘာကျော်ရသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး သိကောင်းစရာများကို ဖတ်ကြားကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်