သုံးခွ အောက်တိုဘာ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ဆရာ/ဆရာမများ၏ ဂုဏ်ကျေးဇူးများ၊ ဆရာများအား မည်သည့်အတွက်ကြောင့် အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ပုံများကိုပြောကြားပြီးနောက် အ.ထ.က(၂)ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ကြည်ကြည်လွင်က ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ကျောင်းသား/သူများအနေဖြင့် ဆရာ/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲသတိရစေရန်နှင့် ဆရာများက နာ(၃)ဖြစ်သည့် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် သင်ကြားပို့ချမှုများကို ဂရုတစ်စိုက်အလေးထားသင်ယူကြခြင်းဖြင့် ဆရာများ၏ကျေးဇူးကို ဆပ်ရာရောက်သည့်အတွက် ပညာသင်ကြားရာတွင် အာရုံစူးစိုက်၍ လေ့လာသင်ယူကြစေလိုကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုံးခွမြို့နယ်ရုံးက ပြသထားသောစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၃၅)ဦးတို့က စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက် )