အုတ်ဖို စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းအဆင့်ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သတ်မှတ်ပေးထားသည့် မြေကမ္ဘာစာအုပ်တွင်သတ်မှတ်ထားသည့် စာပိုဒ်များအား မဲစနစ်ဖြင့် ကြရာစာပိုဒ်အားရွတ်ဖတ်ကာ စာပိုဒ်အတွင်းမှ မှတ်မိသည့်စကားလုံးများအား ပြန်လည်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဒေါ်ညွန့်ညွန့်စိန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့်ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ ဆရာ၊ ဆရာမများက နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူ