ပြည်မြို့ အ-ထ-က(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

ပြည် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဆိုပါကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၉၀)ကျော်အား ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးအလုပ်သမားများအား ခိုင်းစေပြီး လုပ်အားခများအပေါ် ခေါင်းပုံဖြတ်နေမှုများအကြောင်း၊   မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် လူငယ်များမူးယစ်‌ဆေးဝါး၏ သားကောင်မဖြစ်စေရေးအကြောင်း၊ လူငယ်များ သူတစ်ပါး၏အသုံးချခံမဖြစ်ရေးနှင့် အမှား/အမှန်ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး  နယ်လှည့်စာကြည့်တိုက်မိုဘိုင်းယာဉ်မှ  သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစားဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)