ကျောက်ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် Mobile Library စနစ်ဖြင့် စာငှားလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်၊ Mobile Library စနစ်ဖြင့် စာငှားလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည်၊ ကျောင်းသားကလေးငယ်များ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကောင်းမွန်သော ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းတစ်ခုအဖြစ် Mobile Library စနစ်ဖြင့် သုတ/ရသ စာငှားလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ရာ အခြေခံပညာအလယ်တန်းဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ/ဆရာမများက လာရောက်ငှားရမ်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာအုပ်စာစောင်များ ငှားရမ်း ရာတွင်  မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများအား တစ်ဦးချင်းငှားရမ်းပေးခြင်းနှင့် ကျောင်းသားကျောင်းသူများအတွက် သုတ/ရသ စာအုပ်များကို အတန်းချုပ်ဆရာမများထံ တာဝန်ယူ/ တာဝန်ခံစနစ်ဖြင့် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်ရက်သတ္တပတ်များတွင် အမှတ် (၁) အ.ထ.က၊ မြို့ရှေ့အ.ထ.ကနှင့် လေးရွာအ.ထ.ကများသို့ Mobile Library စနစ်ဖြင့် လှည့်လည်သွားရောက်၍ စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေသက်နွယ်က ပြောပါသည်။

နေအောင်(ပြန်/ဆက်)