သာစည်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ  ဆုများချီးမြှင့်

သာစည် စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုများချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဝင်းထွန်းကလူကုန်ကူးမှု အဓိပ္ပါယ်နှင့်လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းရင်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသဲကိုထွန်းက လူကုန်ကူးမှုဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်လိုက်နာရမည့် အကြောင်းရင်းများ ဥပဒေများနှင့်ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း အသိပညာပေး ဟောပြောကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြုလုပ်သော အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ဒုတိယနှင့်တတိယ ဆုရရှိသောကျောင်းသား/သူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးပွဲနှင့်ဆုများချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဆရာ/မများနှင့် ကျောင်းသား/သူများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)