သာယာဝတီ စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းသားလူငယ်များ လူမှုမီဒီယာကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ သတင်းတု သတင်းမှားများကို ခွဲခြားစိစစ်တတ်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မျိုးမျိုးခိုင်က ကျောင်းသား လူငယ်များအနေဖြင့် လူမှုမီဒီယာ အသုံးပြုခြင်းဖြင့် ရရှိလာမည့် ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ Social Media များတွင် နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေနေသည့် သတင်းတု သတင်းမှားများကို ခွဲခြားသိမြင်နိုင်စေရန် စသည့်အကြောင်းအရာများကိုရှင်းလင်း ဟောပြောခဲ့သည်။
ယင်းနောက် သာယာဝတီခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌဦးကျော်မိုးထွန်းက လူမှုမီဒီယာစွဲလမ်းရသည့် အကြောင်းရင်းများ၊ လူမှုမီဒီယာကို အကျိုးရှိအောင်အသုံးချနိုင်မည့် နည်းလမ်းများ၊ လူငယ်နှင့်ဂိမ်းစွဲလမ်းမှုပြဿနာများစသည့် အသိပညာပေးအကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကိုစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်ဆက်)