ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ထိုသို့စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားမလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသစာအုပ်စောင်များဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်သမဝါယမဦးစီးဌာနရုံးဝန်ထမ်းများထံသို့ သုတ၊ ရသစာအုပ်များငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ (၁)လလျှင်(၄)ကြိမ်နှုန်းဖြင့် စာအုပ်စာစောင်များ လဲလှယ်၍ ငှားရမ်းပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)