ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကား ပုံဆက်ပြိုင်ပွဲများ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်ရည်ရွယ်ပြီး  ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊စာပေများ ဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး ဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က အချိန်ကိုအကျိုးရှိစွာအသုံး ချသည့်အနေဖြင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် မိမိတို့ဖတ်ရှုလေ့လာလိုသည့် စာအုပ်များအခမဲ့ လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်းသူ (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သက်မောင်