ဇီးကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်

ဇီးကုန်း   စက်တင်ဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍမြှင့်တင်လုပ်ဆောင်စို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)