စဉ့်ကိုင်မြို့နယ် အ.မ.က (သင်္ဂတုန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့် ဟောပြောပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၇

၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁ဝ) နာရီက သင်္ဂတုန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဂတုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ရှေးယခင်က စာပေသင်ကြားမှု အခက်အခဲများ၊ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ အချိန်ရှိစဉ်ကာလတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာဖြင့်ဘဝကို တည်ဆောက်ကြရန်၊ အချိန်အားလျှင် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများကို ရှာဖွေစေလိုကြောင်း သင်ကြားထားတဲ့ အတန်းပညာများနဲ့ စာပေကရတဲ့ အသိပညာဗဟုသုတများနှင့် ပေါင်းစပ်ကာ အသိဉာဏ်များတိုးပွားစေရန်၊ အမှားအမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စေရန် အစရှိသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းမာထွေးက ယခုလို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသတရရှိစေရန်၊ အမှားအမှန်ပိုင်းခြားတတ်စေရန် လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အသိပညာဗဟုသုတ ရရှိစေရန် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ဓာတ်ပုံများနှင့် စာအုပ်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)