မြဝတီ ဇွန် ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမိုးမြင့်အောင်က မိတ်ဆက်အမှာစကားပြောကြားပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏အကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ခံစားရမည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ အစရှိသဖြင့် ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မြဝတီ)မှစခန်း တာဝန်ခံဦးသန်းထိုက်စိုးကမူးယစ်ဆေးဖြတ်ပြီးသူများအား စခန်းမှ ပြန်လည်ထူထောင်ရေးလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောသည်။
ဆက်လက်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများမှ ကြည့်ရှုလေ့လာကြပြီး အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်း သူများ တက်ရောက်ကြကြောင်း သိရသည်။
ထိန်လင်းအောင်