သံတောင်ကြီး ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ၊ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော ရိုတ(Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသံတောင်ကြီးမြို့နယ်အတွင်းရှိ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ကျန်းမာသန်စွမ်း ပြီးရောဂါဘယကင်းဝေးစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ကာကွယ်ဆေးများလစဉ် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ