တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပန်းချီရေးဆွဲနည်း အခြေခံသင်တန်း စတင်ဖွင့်လှစ်

တောင်ဥက္ကလာပ ဖေဖေါ်ဝါရီ ၂၀

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်‌ဆွေနှင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး‌ တောင်ဥက္ကလာပမြို့နယ်ဥက္ကဋ္ဌ သင်တန်းနည်းပြဆရာ ပန်းချီဆရာရှမ်းလေးက သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပန်းချီရေးဆွဲနည်းအခြေခံသင်တန်းကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၁ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)