ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၀
ကြံစိုက်ပျိုးဧကများစွာရှိသော ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၂၀၀၀၀ ကျော်ကို ပြန်လည်စိုက်ပျိုးထား၍ ဧက ၃၀၀၀၀ ကျော်ရိတ်သိမ်းကာ အင်ငါးခွသကြားစက် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ပျိုးမှုအထွက်နှုန်းတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေးတို့အပြင် အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကြံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်း ချေးငွေများလစဥ်ထုတ်ချေးလျက်ရှိရာ ယခုလအထိ ကြံစိုက်ဧက ၃၀၀၀၀ ကျော်ကို စက်ရုံများသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ကြံကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်ကာ အဆိုပါကြံများကို ဒေသတွင်းရှိ အင်ငါးခွသကြားစက်နှင့် နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)