ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်းကို ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာတွေ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က လူငယ်များသည် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်ပြီး နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်များကို အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများပြည့်စုံစေရန် ယခုလို လူငယ်တွေ အသိပညာများ ဗဟုသုတများ ရရှိစေမည့် စာပေစကားဝိုင်းများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုစသည့်ကဏ္ဍများကို အထူးအလေးပေးကာ လူငယ်လူကြီးအားလုံးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များ၏ တတ်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာများနှင့်အတူ လူကြီးများ၏ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများမှ လူငယ်တွေ ဗဟုသုတရရှိစေမည့် ပဲခူးနှင့်ပတ်သက်သည့် ရှေးဟောင်းနှောင်းဖြစ်များ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အချက်အလက်များ၊ နှလုံးသားအဟာရရသစာစုများ၊ ဟံသာဝတီခေတ် စာဆိုတော်များအကြောင်း၊ သမိုင်းသက်သေစာအုပ်စာပေလူ့မိတ်ဆွေ၊ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားများနှင့် ထင်ရှားသောနေရာများအကြောင်း၊ ပဲခူးမြို့မှ ထင်ပေါ်ကျော်ကြားခဲ့သည့် အနုပညာရှင်များ အားကစားသမားများအကြောင်းတို့ကို လူငယ်တွေ ဗဟုသုတရရှိစေရန် စာရေးဆရာများက စိတ်ဝင်စားဖွယ် ရှင်လင်းပြောပြကြပါသည်။
စာပေစကားဝိုင်းသို့ ပဲခူးမြို့နယ် စာရေးဆရာအသင်းမှ စာပေပညာရှင်များဖြစ်သည့် ဝတ်ရည်ခင်(ပဲခူး) (အမျိုးသားစာပေဆုရှင်)၊ လင်းအရုဏ်ဦး(ပဲခူး)၊ မောင်စိမ်းကြည်(ပဲခူး)၊ နောင်ထွဏ်း(ပဲခူး)၊ နေနွယ်မောင်၊ ဝင်းဦး(ပဲခူး)၊ လူညှိယဉ်(ပဲခူး)၊ ဒေါ်မေသန်းနိုင်(FDA)၊ ကံထူးမောင်မောင်၊ ဇော်ဇော်လှိုင်(ပဲခူး)တို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့သည်။
စကားဝိုင်းအပြီးတွင် တက်ရောက်လာသော လူငယ်မောင်မယ်များမှ ပဲခူးတိုင်းအတွင်းရှိ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများနှင့် စေတီများပြသထားသည့် ဓာတ်ပုံပြခန်းနှင့် ခင်းကျင်းထားသော စာအုပ်များကို စိတ်ဝင်တစားကြည့်ရှုကြပါသည်။ စာပေစကားဝိုင်းသို့ စာပေပညာရှင်များနှင့် လူငယ်မောင်မယ် စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)