သံဖြူဇရပ်မြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သံဖြူဇရပ် ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ဒါက်ထောက်ကျေးရွာ၊ ကမ်းခြေဓမ္မာရုံ၌ ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့၊ တောမီးနှင့် အခြားမီးများ လောင်ကျွမ်းမှု Hot Spots အရေအတွက်များပြားနေခြင်းကို ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောခြင်းဖြစ်ရာ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဗိုလ်ဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး တောင်ယာမီး၊ တောမီးများမရှို့ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးက မြန်မာနိုင်ငံတွင် မီးလောင်မှု (Fire Hotspot) ဖြစ်ပေါ်မှုများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြူမှုန်ကင်းစင်သောကောင်းကင် ဖြစ်ပေါ်စေရေး Fire Hotspots လျှော့ချရေး အကြောင်းအရာများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)