ပဲခူးမြို့တွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်း ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ဖေဖော်ဝါရီလ (၁၉ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော်ဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြမည့်သူများ ဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံ‌တော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓါတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်များကို အသိပညာ အတတ်ပညာများနှင် ဗဟုသုတများပြည့်စုံစေရန် ယခုလိုလူငယ်တွေ အသိပညာဗဟုသုတ ရရှိစေမည့် စာပေစကားဝိုင်းများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများကို အထူးအလေးပေးကာ  လူငယ် လူကြီးအားလုံးအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များ၏ တတ်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာများနှင့်အတူ လူကြီးများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း လမ်းညွှန်အမှာစကား‌ ပြောကြားခဲ့သည်။

         

ထို့နောက် ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် ဒေါ်ခင်ဝတ်ရည်(ဝတ်ရည်ခင်-ပဲခူး) ဦးဆောင်သည့် စာရေးဆရာများက လူငယ်တွေ ဗဟုသုတရရှိစေမည့် ပဲခူးနှင့်ပတ်သက်သည့် ရှေးဟောင်းနှောင်းဖြစ်များ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အချက်အလက်များ၊ နှလုံးသားအဟာရ ရသစာစုများ၊ ဟံသာဝတီခေတ် စာဆိုတော်များအကြောင်း၊ သမိုင်းသက်သေ စာအုပ်စာပေ လူ့မိတ်ဆွေ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားများအကြောင်း၊ ပဲခူးမြို့မှ ထင်ပေါ်ကျော်ကြားခဲ့သည့် အနုပညာရှင်များ အားကစားသမားများအကြောင်းတို့ကို လူငယ်တွေ ဗဟုသုတ ရရှိစေရန် စိတ်ဝင်စားဖွယ် ရှင်လင်းပြောကြားခဲ့ကြသည်။

ယင်းနောက် စကားဝိုင်းအပြီးတွင် တက်ရောက်လာသော လူငယ်မောင်မယ်များက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများနှင့် စေတီများ ပြသထားသည့် ဓာတ်ပုံပြခန်းနှင့် ခင်းကျင်းထားသော စာအုပ်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ‌သည်။

အဆိုပါ စာပေစကားဝိုင်းသို့  ပဲခူးမြို့နယ်စာရေးဆရာအသင်းမှ စာပေပညာရှင်များဖြစ်သည့် ဝတ်ရည်ခင် (ပဲခူး) (အမျိုးသားစာပေဆုရှင်) လင်းအရုဏ်ဦး(ပဲခူး) မောင်စိမ်းကြည် (ပဲခူး) နောင်ထွဏ်း(ပဲခူး) နေနွယ်မောင်၊ ဝင်းဦး(ပဲခူး) လူညှိယဉ်(ပဲခူး) ဒေါ်မေသန်းနိုင်(FDA) ကံထူးမောင်မောင်၊ ဇော်ဇော်လှိုင်(ပဲခူး) တို့နှင့်အတူ လူငယ်မောင်မယ် စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)