ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့နံနက်ပိုင်းက အေးရွာလေးကျေးရွာ၊ မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်နှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)