လွိုင်ကော် ဖေဖော်ဝါရီ ၁၉
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် သိပ္ပံဆောင်နှင့် စာကြည့်တိုက်တည်ဆောက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် RCC တစ်ထပ် သိပ္ပံဆောင်နှင့် RCC တစ်ထပ် စာကြည့်တိုက်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း (ချိကယ်)၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းမှ ကျောင်းသား ကျောင်းသူများအား ပြည်နယ်ဂုဏ်ဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များ၊ လုပ်ငန်းရှင် များဖြစ်သည်အထိ ရည်မှန်းချက်ထားကြရန်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဖြင့် နိုင်ငံတော်ကို အကျိုးပြုသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရေးအတွက် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade 12 ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးစာကျက်ဝိုင်း၌ သင်ကြားလေ့လာကျက်မှတ်နေမှုများကို ကြည့်ရှုူအားပေးပြီး ဆရာ၊ ဆရာမများ ကျောင်းသားကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားသည်။
ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လျာထားခွင့်ပြုထားသည့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှု တိုးတက်မှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့နှင့် မိမိတို့သက်ဆိုင်ရာဦးစီးဌာနသို့ စဉ်ဆက်မပြတ် တင်ပြရန်၊ နွေကျောင်းပိတ်ကာလတွင် လူငယ်များအကျိုးရှိမည့် သင်တန်းများဖွင့်လှစ်ပေးရန်၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဒေသဝမ်းစာဖူလုံရေးအပြင် ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေး အစဉ်တစိုက်ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)