ပေါင် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သော “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံကကျေးရွာ၊ ကျုံကတိုက်ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့်အကြမ်းဖက်မှု ဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းတို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ သထုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ က နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက ရေချိုသယံဇာတများ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းနမူနာပုံစံအား ရှင်းလင်းပြောကြား၍ စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူ(၆၀ )ဦးတို့က စစ်တမ်းမေးခွန်း (၂၄) ခုကို ဖြေဆိုခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)