ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တရုတ်နှစ်ကူး(မြင်းနှစ်)အထိမ်းအမှတ်မင်္ဂလာအခမ်းအနားတက်ရောက်

ဘားအံ ဖေဖော်ဝါရီ ၁၇

၂၀၂၆ ခုနှစ် တရုတ်နှစ်ကူး(မြင်းနှစ်)အထိမ်းအမှတ်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုရားကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

တရုတ်နှစ်ကူး(မြင်းနှစ်)အထိမ်းအမှတ်မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဘားအံကျန့်တိတ်ဘုံလူကြီးများ၊ Grand Dragon & Lion အဖွဲ့မှ လူငယ်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး တရုတ်ရိုးရာနှစ်သစ်ကူးပုဝါများဖြင့် ဂါရဝပြုကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘုံကျောင်း၏ဧည့်သည်တော် မှတ်တမ်းတွင် နှစ်သစ်ကူးအမှတ်တရဆုမွန်ကောင်းစကားနှင့်လက်မှတ်ရေးထိုးသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်၊ မိုးနတ်မင်း၊ ကျန်းမာရေးနတ်မင်း၊ ကျန့်တိတ်ကျောင်းထိုင်နတ်မင်း၊ ကွမ်းကုန်းနတ်မင်း၊ ကွမ်ယင်မယ်တော်၊ အန်းကုန်း၊ ကမ်ကုန်းနတ်မင်း၊ ကျိကုန်းနတ်မင်းအစရှိသော နတ်မင်းအပေါင်းတို့အား တရုတ်နှစ်ကူးအထိမ်းအမှတ် စုပေါင်း ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် လျှပ်စစ်ဗျောက်အိုးအား စက်ခလုပ်နှိပ်၍ နှစ်သစ်ကူးအခမ်းအနားအားဖွင့်လှစ်ပေးကာ တရုတ်ရိုးရာခြင်္သေ့အရုပ်အား ဆေးခြယ်အသက်သွင်းခြင်းမင်္ဂလာ (ခိုင်းကွမ်းမင်္ဂလာ)အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ကျန့်တိတ်ဘုံကျောင်းတွာကိုးတို့က တရုတ်ထုံးတမ်း စဉ်လာများနှင့်အညီ ဂုဏ်ပြု ဆေးခြယ်သပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးမင်္ဂလာစကားပြောကြားရာတွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံသဟဇာတဖြစ်စွာနေထိုင်နိုင်ရေး ဘာသာရေး၊ လူမှုရေးလိုအပ်ချက်များကို အမြဲတစေပူးပေါင်းဆောင်ရွက် ကူညီပေးရန်အသင့်ရှိကြောင်း၊ တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု၊ အမွေအနှစ်၊ အစဉ်အလာ များကို မပျောက်ပျက်အောင် စနစ်တကျလက်ဆင့်ကမ်းထိန်းသိမ်းရင်း လူကြီးမိဘများ၏အတွေ့အကြုံ၊ လူငယ်များ၏ ဆန်းသစ်တီထွင်မှုများကိုပေါင်းစပ်၍ ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြစေလိုကာ မြင်းနှစ်ရောက်လျှင် စီးပွားရေး လူမှုရေးအပြင် အစစအရာရာယခင်ထက်ပိုမို၍အဆင်ပြေချောမွေ့ပါစေကြောင်း၊ ဘုရာကျောင်းဘုံလူကြီးများ၊ Grand Dragon & Lion အဖွဲ့မှလူငယ်များ၊ ဧည့်သည်တော်များနှင့် ပြည်နယ်သူပြည်နယ်သားများအားလုံး ဆန္ဒတိုင်းပြည့်ဝပြီး ကောင်းခြင်းမင်္ဂလာခံစားရရှိကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ရိုးရာမင်္ဂလာနဂါးနှင့်တရုတ်ရိုးရာခြင်္သေ့အကအဖွဲ့တို့က ဂါရဝပြုကပြဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နှစ်သစ်ကူးအန်ပေါင်းများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံကျန့်တိတ်ဘုံကျောင်းအတွက် ငွေကျပ်(၂၀)သိန်းကို နှစ်သစ်ကူးအန်ပေါင်းပေးအပ်ကာ ကျန့်တိတ်ဘုံလူကြီးများ၊ Grand Dragon & Lion အဖွဲ့သားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

တရုတ်မြင်းနှစ်သည် လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်ဖြင့် စွမ်းအားအပြည့်ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်ခြင်းဟူသော ကောင်းမွန်သည့်အဓိပ္ပာယ်များရှိသည်ဟုယူဆကြပြီး ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုရားကျောင်း တရုတ်နှစ်သစ် ကူး(မြင်းနှစ်)အထိမ်းအမှတ်မင်္ဂလာအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ဘုံကျောင်းတာဝန်ရှိသူများ၊ တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများတက်ရောက်ခဲ့ကြကာ တရုတ်နှစ်သစ်ကူး အထိမ်း အမှတ်မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)