မုံရွာ ဖေဖော်ဝါရီ ၁၀
မုံရွာမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့မှဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ အလယ်ရပ်ကွက်ရှိ ချင်းတွင်းရတနာဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌများ၏ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများအား သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ ဈေးအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိ/မရှိနှင့် မီးသတ်ရေငုတ်များ၏ ရေထွက်ရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းများ၊ အရေးပေါ်မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်း၊ အဝတ်ဆိုဖြင့် မီးငြှိမ်းသတ်နည်းများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးကြောင်း သိရသည်။
အလားတူ အဆိုပါအဖွဲ့သည် မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေး၊ ရုံးကြီးရပ်ကွက်ရှိ သီရိရတနာဈေး၊ မြသလ္လာဈေးနှင့် မုံရွာမြို့နယ်စုပေါင်းရုံးတို့တွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)