စစ်တွေ ဖေဖော်ဝါရီ ၇
ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆးလွမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြုများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌနအနေဖြင့် ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုမှ လျော့ချရန် ရည်ရွယ်ပြီး Big Catch- up ၊ Routine Catch-up နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက် ကလေးများကို လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထပ်မံ၍လည်း လူနေထူထပ်ပြီး ရွှေ့ပြောင်းလူဦးရေးများသည့် မြို့ပေါ်ဆင်ခြေဖုံးရပ်ကွက်များ၊ သွားလရခက်ခဲသော ဒေသများက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို လိုအပ်သော ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ယခုအစည်းအဝေးကို တက်ရောက်လာကြသူများ၏ အကြံပြုချက်များ၊ ပံ့ပိုးကူညီများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့အနာဂတ်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာကြမည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးထံသို့ လိုအပ်သော ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင် အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာကြသူများက ကာကွယ်ဆေးထိုးနှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်နှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ဆွေးနွေးချက်များ အပေါ်ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)