ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ထားဝယ် ဇန်နဝါရီ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ ငှားရမ်းဖတ်ရှု့လိုသည့် သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ ရသစာအုပ်စာစောင်များ (၄၀၀) အုပ် ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃) ရက်လျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)