မြိတ် ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပြည်သူလူထုအခြေပြု မိခင်၊ မွေးကင်းစကလေးနှင့်ငါးနှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်မှုပေးခြင်းအတွက် High Impact Maternal, Newborn and Child Project (HI-MNCH) စီမံချက်ဖြင့် MNCH and Data Training for Volunteers သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဇန်နဝါရီ(၃၀)ရက် နံနက်ပိုင်းက Hotel Grand Jade ခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့် သင်တန်းသူများအတွက် စီမံချက်လုပ်ငန်းဆောင်ရွက်ရန် အထောက်အကူပြု ဖုန်းများအား ပေးအပ်ရာ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစောဥမ္မာဝင်း က လက်ခံရယူပြီး သင်တန်းစတင်ခဲ့သည်။
သင်တန်းတွင် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်လက္ခဏာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မွေးကင်းစကလေးကျန်းမာရေးစောင့်ရှောက်မှု၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ၊မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာကျွေးခြင်း၊ ၂ နှစ်မှ ၅ နှစ်အရွယ် ကလေးငယ်များအတွက် အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွှန်၊ ကာကွယ်ဆေးထိုး ဆေးတိုက်အကြောင်း သိကောင်း စရာများ၊ ကိုယ်ဝန်ဆောင်အား လိုအပ်သော အာဟာရရရှိစေရန် ထောက်ပံ့ပေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးတွင် ဖခင်များပူးပေါင်းပါဝင်ခြင်း အကျိုးကျေးဇူးများ စသည့်သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို မြိတ်မြို့နယ်အတွင်း ပြည်သူလူထုအခြေပြု မိခင်၊ မွေးကင်းစ ကလေးနှင့်ငါးနှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ကြမည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်(၃၁)ဦးတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဇန်နဝါရီ(၃၀)ရက်မှ (၃၁)ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)