ထားဝယ်မြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် ဇန်နဝါရီ  ၂၉

ထားဝယ်မြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်  ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅)နှစ် အောက်ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုမှ လျှော့ချရန် ရည်ရွယ်ပြီး Big Catch-up Routine Catch-up နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅)နှစ်အောက်ကလေးများကို လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ(Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak  Response Immunization) စသည်ဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံ့အနာဂတ်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာကြမည့်နိုင်ငံတစ်ဝန်းတွင်နေထိုင်သည့်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးထံသို့လိုအပ်သော ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် နှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကျေးလက်ကျန်းမာရေးဌာန၊ ခရိုင်၊ မြို့နယ်၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်းအားသွန်ခွန်စိုက် ထပ်မံ ပူးပေါင်းဆောင်ရွက်ပေးရန်လို အပ်ကြောင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တက်ရောက်လာသောဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)