စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများမှ အလေးပြုကြပြီး “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက် ရေး လူငယ်များပါဝင်မှု မြှင့်တင်ပေး” Video Clip အား ကြည့်ရှုကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့လူငယ်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငတော်အား ဦးဆောင်ပြီး နိုင်ငံတော်၏တာဝန်များအား လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ပါကြောင်း၊ လူငယ်များ၏အရည်အသွေးစွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာတွေးခေါ်မြော်မြင်လာနိုင်တာနှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းအား ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး ဖွံ့ဖြိုးမှုကဏ္ဍသည် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးသည်လည်း ထပ်တူထပ်မျှ အရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့အဖွဲအစည်းဖြစ်ပေါ်စေရေး နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသား လူငယ်မောင်မယ်များ၏စည်းလုံးညီညွတ်သည့် အင်အားနှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး သမိုင်းပေး တာဝန်များအား ကျေပွန်စွာကြိုး ပမ်းဆောင်ရွက်ပြီး သာယာလှပသည့် အနာဂတ်နိုင်ငံတော်အား ပူးပေါင်းပါဝင်တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ကျောင်းသား၊ ကျောင်းသူ ၂ ဦးက “ငြိမ်းချမ်းရေးဖိုရမ်” အမှတ်တရ လက်ဆောင်ပစ္စည်းအား ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ်သိန်း-၅၀ အားလည်း ကောင်း၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများအတွက် အားကစားပစ္စည်းများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နေပြည်တော်၌ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးဦးတို့က အမှတ်တရစကားများပြောကြားပြီး မုံရွာ ပညာရေး ဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူတစ်ဦးစီမှ ဒေသအလိုက်မတူကွဲပြားသည့် ငြိမ်းချမ်းရေးအတွေ့အကြုံများမှ လူငယ်များ၏အသံများအား ဖတ်ကြားပြောကြားကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများထံ ဂုဏ်ပြုဆုငွေကျပ် ၅ သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တာဝန်ရှိသူများနှင့်အတူ “ခံစားရေးသား ငြိမ်းချမ်းရေးစကား” စာသားများ အမှတ်တရ ရေးထိုးပေးခဲကြသည်။    

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအပတ်စဉ် (၃၂)သူနာပြု-သားဖွားဒီပလို မာ(၃)နှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုများ၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုအချိန်ကတည်းမှစပြီး စာတွေ့၊လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသား၊ သင်တန်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ လိုအပ်ချက်များအား အခါအခွင့်သင့်တိုင်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်နှင့် မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုဆုထိုက်တို့က သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။  

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သူနာပြုသားဖွား သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ မှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)