မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ (၁/ ၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြဝတီ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ​မြဝတီခရိုင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ကျင်းပသည်။

ရှေးဦးစွာ မြဝတီခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာကော်မတီ အစည်း အဝေး (၁/၂၀၂၅)ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများအား ဌာနဆိုင်ရာကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ စားသုံးသူအငြင်းပွားမှု၊ ဖြေရှင်း ချက်နှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ Online လိမ်လည်ရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စားသုံးသူရေးရာကော်မတီဝင်များမ မြဝတီမြို့အတွင်း onlineလိမ်လည် ရောင်းဝယ်မှုနှင့်စပ်လျဥ်း၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရမှတ်ပုံတင်နိုင်ရန် ကိစ္စရပ်များကိုကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက စားသုံးသူကာကွယ်နိုင် ရေးအသိပညာပေး လုပ်ငန်းများနှင့်စပ်လျဥ်း၍ Online လိမ်လည်ရောင်းဝယ်မှုကို ဟန့်တားနိုင်စေရေးအတွက်ဆောင်ရွက်ရန်လိုအပ်သည့် အချက်များကို မှာကြားဆွေးနွေးပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ခရိုင် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)