ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ဘားအံ ဇန်နဝါရီ ၂၉

ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းတို့ကိုအခြေခံသည် ကုန်ထုတ်လုပ်ငန်းများကိုအားပေးမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဒုံသမိမြစ်ကြားရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝဲကြီးကျေးရွာအုပ်စု၊ ဌာနီကုန်းကျေးရွာရှိ တောင်သူ ဦးအေးမြင့်၏ နွားရွှေနီ၊ ဒေသကြက်၊ ဒေသဝက်များကို တစ်ပိုင်တစ်နိုင်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာတွင်းတိရစ္ဆာန်မွေးမြူထားရှိမှုနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ တိုးချဲ့မွေးမြူနိုင်ရေးလိုအပ်သည်များဆွေးနွေးပြောကြားကာ တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရ ဆားခဲများကို အခမဲ့ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝဲကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး၍ အဆိုပါကျောင်းရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူ၊ ရေ၊ မီး၊ မိလ္လာ၊ ဆရာ၊ ဆရာမများနေအိမ် ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ အဆိုပါကျောင်းအတွက် အထွေထွေအသုံးစရိတ်ငွေကျပ် ၃ သိန်းကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝဲကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေး ဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှု၊ ဌာနခွဲ၏ မွေးလူနာခန်း၊ ကာကွယ်ဆေးထိုးနှံခန်း၊ မွေးခန်း၊ ဆေးစတိုခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အထွေထွေအသုံးစရိတ်ငွေကျပ် ၃ သိန်းကို တာဝန်ကျ ဆရာမများထံ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်ကြီးကျေးရွာထိပ် မာလာမြောင်းဘေးရှိ တောင်သူ ဦးဖြူလေးနှင့်ဒေါ်နန်းမိုင်တို့၏ အောင်မြင်ဖြစ်ထွန်းနေသော ပဲတီစိမ်းစိုက်ခင်းနှင့် ဖူးစားပြောင်းစိုက်ခင်းတို့အား ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးထွန်းမြင့်က ဟင်းသီးဟင်းရွက်နှင့် နိုင်ငံခြားပို့ကုန်ဖြစ်သည့်ပဲတီစိမ်းသီးနှံတို့ကို စိုက်ပျိုးရာတွင် စားသုံးသူအတွက် ဘေးအန္တရယ်ကင်းရှင်းသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် မြေပြုပြင်သည်မှ အစပြု၍ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ GAP စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေအသိပညာပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ဧက ၃၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေနိုင်မည့် ရေကျော်ကြီး (ဆိုလာ+လျှပ်စစ်)မြစ်ရေတင်စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူးဦးကျော်စွာဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပင်မမြောင်းနှင့်လက်တံမြောင်း၊ ပင်မအဆောက်အဦ၊ မြို့ပြပိုင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်ကြီးကျေးရွာရှိ တောင်သူဒေါ်ကေသီဦး၏ ဆင်းသုခ မိုးစပါး ရိတ်သိမ်းချွေလှေ့မှု၊ ဥစားဘဲ ကောင်ရေ ၄၀၀ မွေးမြူရေးခြံနှင့် တောင်သူဦးကိုလေး၏ ပဲတီစိမ်းရိတ်သိမ်း ခြွေလှေ့မှုတို့ကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်ကြီးကျေးရွာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ တစ်နာရီလျှင် ရေဂါလံ ၄၀၀၀ မှ ၆၀၀၀ ကြား စိုက်ပျိုးရေ ပေးဝေနိုင်သည့် ဆိုလာမြစ်ရေတင် လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက တစ်ရက်လျှင် (၉)နာရီခန့် ရေမောင်းတင်၍ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါစိုက်ပျိုးရေဖြင့် ငရုတ်၊ သခွား၊ ဖူးစားပြောင်း အစရှိသော စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်စိုက်ဧက ၃၀ စိုက်ပျိုးထားရှိမှု အား ကြည့်ရှုအားပေးကာ လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် သံလွင်မြစ်အတွင်း မြစ်ကြောင်း တိမ်ကောလာမှုနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တရုတ်လှကျွန်းနှင့်ကော့ဂွန်းကျွန်းကြားတွင် သောင်တူးယာဉ်များအသုံးပြု၍ သံလွင်မြစ်သောင်တူးဖော်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)