မြဝတီ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ မုန့်စျေးတန်းတွင် ရောင်းချသော အစားအစာများ ဘေးဥပါဒ်ကင်းရှင်းရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းကျန်းမာရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မုန့်စျေးတန်းတွင်နေ့စဥ် ရောင်းချနေသည့် အစားအစာများ သန့်ရှင်းမှုရှိမရှိ စစ်ဆေးခြင်းကိုလည်းကောင်း၊အစားအစာများတွင် တားမြစ်ထားသည့် ဆိုးဆေးများပါဝင်ခြင်း ရှိ/မရှိ ကိုလည်းကောင်း၊ ထုတ်ပိုးပြီး စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ် အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိနှင့် မိမိရောင်းချသည့် စားသောက်ကုန်များ၏ အရည်အသွေး၊ ဘေးကင်းလုံခြုံမှုရှိ၊မရှိ၊ စျေးနှုန်းနှင့်အညီ တန်ဖိုး ရှိ/မရှိ စသည့်အချက်များကို စစ်ဆေးခဲ့ကြပြီး မုန့်စျေးတန်း ရောင်းချသူများကိုလည်း ကျောင်းတွင်းစျေးရောင်းချရာ၌ ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းလတ်ဆတ်ပြီး ပြည့်ဝသော အစားအသောက်များနှင့်ကုန်ညွှန်းအမှတ်အသား ပြည့်စုံသော အစားအသောက်များ ရောင်းချသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)