ဘားအံ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူငယ်များအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၏တန်ဖိုးနှင့် အရေးပါပုံများကို ဟောပြောခဲ့ပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) Kahoot Quiz ပြိုင်ပွဲကို ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) Kahoot Quiz ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)