နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံကို နောင်တက်လာမည့်အစိုးရအဖွဲ့ထံ တိတိကျကျလွှဲပြောင်းအပ်နှံနိုင်ရေး စီမံဆောင်ရွက်ထားကြစေလိုပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် အမှန်တကယ်သက်ရောက်မှုရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများတွင် အရင်းမပျောက် မတည်ငွေများကိုမပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာစနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးကဏ္ဍဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ချေးငွေရယူရန် အဆိုပြုတင်ပြထားမှု၊ ပြန်လည် ပေးဆပ်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော သီးနှံများစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဆောင်ရွက်မှု၊ မတည်ထောက်ပံ့ ငွေရယူထားသော သမဝါယမအသင်းများ၏ ချေးငွေထုတ်ချေးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ရန်ပုံငွေထုတ်ချေး/ကောက်ခံ/လက်ကျန်အခြေအနေ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများသို့ ထုတ်ချေးပြီးစီးမှု၊ ချေးငွေတင်ပြထားရှိမှု၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ဆီစက်လုပ်ငန်းရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများမှ ချေးယူလိုမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ဇန်နဝါရီ လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များ လမ်းညွှန်ခြင်း၊ ကူညီဆောင်ရွက်ခြင်း၊ လုပ်ငန်းသစ်တည်ထောင်လိုသူများအား အားပေးစည်းရုံးခြင်းများ ဆောင်ရွက်သွားကြစေလိုကာ ဆီစက်လုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ ဝါးအခြေခံ၊ ရာဘာအခြေခံနှင့် ဒေသရိုးရာစားသောက်ကုန် လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုအောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စက်မှု ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် ဒေသထွက်ကုန်ကြမ်းသုံးစွဲထုတ်လုပ်သည့်လုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်ဆောင်ရွက်သွားရန်နှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမိုရရှိရေးနှင့် အမယ်သစ်ထုတ်ကုန် များထုတ်လုပ်နိုင်ရေးအတွက် အေဂျင်စီအဖွဲ့ဝင်ဌာနများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်ကုန်သည်စက်မှုအသင်းတို့က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ကရင်ပြည်နယ်၏ ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနိုင်ရေး ဆွေးနွေးတင်ပြပြီး အေဂျင်စီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကာ ဘားအံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသတွင်း MSME လုပ်ငန်းများ အားပေးမြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာသော ပြည်နယ်အဆင့်အေဂျင်စီများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဒေသဆိုင်ရာအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)