လိပ်သိုဒေသတွင် ဆလပ်ရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ

လိပ်သို ‌ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် ဆောင်းရာသီကာလ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ လယ်ယာမြေများနှင့် နေအိမ်ခြံဝင်းများအတွင်းတွင် ဆလပ်ရွက်များကို စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိနေကြောင်း သိရသည်။

ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး တော်သလင်းလမှ တပို့တွဲလအတွင်း စိုက်ပျိုးကြကြောင်း၊ ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ အပေါ်ယံမြေဖြူးပေးကာ ကောက်ရိုးပါးပါးနှင့် အုပ်ပေး၍ ပျိုးထောင်ရကြောင်း၊ အပင်ပေါက်လာပါက သီးသန့်ဘောင်များသို့ ပြောင်းရွေ့ကာ ပင်ကြားတန်းကြား (၉) လက်မခန့်ခြား၍ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ရှင်သန်မှုပေါ် မူတည်၍ ရေဖျန်းပေးရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဆလပ်ကို ဒေသခံများက ဆိုင်တင်ရောင်းချခြင်း၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြပြီး ဝယ်ယူစားသုံးသူ များပြားသည့်အတွက် တစ်စီးလျှင် (၂၀၀ဝိ-/) ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။

နော်ဖလောရင်း