ကွန်ပျူတာတက္ကသိုလ်(ဘားအံ) (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဘားအံ ဇန်နဝါရီ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ ထိုးထွင်းကြံဆမှုနှင့်တီထွင်ဖန်တီးမှုများကို စွမ်းဆောင်နိုင်သည့်အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံသားကောင်း၊ သမီးကောင်း IT ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားပြီး ဘွဲ့ယူမောင်မယ်များအတွက် ငွေကျပ် (၅)သိန်းကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်းနှင့်အဖွဲ့ဝင်များက ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) (၂၂)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) သုံးဦးတို့အား ဘွဲ့လက်မှတ်များအပ်နှင်းပေးအပ်ပြီး အဝေးရောက်ဘွဲ့ယူသူ ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.)မှ နှစ်ဦးတို့အား ဘွဲ့အပ်နှင်းပေးအပ်ကာ ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ် ရေးထိုး၍  ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။ ယနေ့ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ(၂)ဦးအပါအဝင် စုစုပေါင်း(၂၇)ဦးအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။

ဆက်လက်၍ ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန် အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ က ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆောင်ရွက်သည့်စီမံကိန်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပတော့မည်ဖြစ်၍  အောင်ချက်မြင့်မားရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြို့တော်သန့်ရှင်းသာယာလှပစေရေးမှာကြားကာ ဘားအံမြို့နယ်အနေဖြင့် သန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ထပ်မံရရှိသည့်အတွက် ပြည်နယ်အတွက်ဝမ်းသာဂုဏ်ယူ စရာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ စာရင်းဇယားများ ဖောင်းပွမှုမရှိစေရေး၊ မြေပြင်နှင့်ကိုက်ညီသည့်ကိန်း ဂဏန်းအချက်အလက်များမှန်ကန်စေရေး၊ ပန်းတိုင်းရည်မှန်းချက် အထွက်နှုန်းပြည့်မီကျော်လွန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြီးစီးရမည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းကြွေးကျန်များမရှိစေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်ဆွေးနွေးပွဲများဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တင်ပြဆွေးနွေးမှုများအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)