လိပ်သို ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ခြင်းဖြင့် ဗဟုသုတ ပြည့်စုံပြီး အသိဉာဏ်ပညာထက်မြက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ထိုင်ခုံလုပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် အာဟာရမုန့်များပေးဝေခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း