ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်လွှတ်တော်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေး

ဘားအံ ဇန်နဝါရီ ၁၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပအပြီးတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်လွှတ်တော်အဆောက် အဦတွင် တတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရန် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဲဆန္ဒရှင်ပြည်သူများရွေးချယ်တင်မြောက်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အပြန်အလှန်ထိန်းညှိခြင်း လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်ရေး ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမအား ကြိုတင်ပြင်ဆင်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေမည့် ဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နားနေခန်း၊ စားသောက်ခန်း၊ အစည်းအဝေးခန်း၊ ဧည့်ခန်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရုံးခန်း၊ ရေးရာကော်မတီရုံးခန်းများ၊ လွှတ်တော်စာကြည့်တိုက်၊ သင်တန်းခန်းမနှင့် ပြည်နယ်လွှတ်တော်ရုံးရှိ ဌာနခွဲ ၂ ခု၊ ဌာနစု ၁၀ စု၏ ရုံးခန်းများနှင့် လုပ်ငန်းဆောင်ရွက်ပုံများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးက ဥပဒေပြုရေးနှင့်လွှတ်တော်အစည်းအဝေးများ စနစ်တကျကျင်းပနိုင်ရေး၊ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနိုင်ရေး ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လွှတ်တော်ရိပ်သာ၏ master bedroom ၁၀ ခန်း၊ စားသောက်ခန်း၊ ဧည့်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်း စပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၆၉ ဒဿမ ၈ သန်းဖြင့် (၆)ခန်းတွဲ (၃) ထပ် RC ဝန်ထမ်းအိမ်ရာတစ်လုံးတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီး မှူးနော်သူလေထီးနှင့် တာဝန်ယူတည်ဆောက်သည့် Maw Pha Maw Kun Co,.Ltd မှ တာဝန်ရှိသူတို့က တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီစွာဖြင့် အရည်အသွေးကောင်းမွန်စွာ တည်ဆောက် ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၏ မဲခေါ်င်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အသိပညာပေး စင်တာနှင့် သိုလှောင်ရုံ RCC (၂) ထပ် အဆောက်အဦတည်ဆောက်ခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၉၅၂ သန်းဖြင့် (၂) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ယူတည်ဆောက်သည့် နန်းအေးရိပ်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုး ပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ရန်မျိုအောင်လမ်း (ချစ်သူလမ်းကြား) အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ မြေသားလမ်းတိုးချဲ့ခြင်း ၈ ပေ၊ ကျောက်စီ မြေထိန်းနံရံပြုလုပ်ခြင်း ၂၀၀၀ ပေ နှင့် Box Culvert တစ်စင်းပြုလုပ်ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက်  တိုးချဲ့မြေသားလမ်းပေါ်တွင် ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုး‌နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)